လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ဖရူဆို PDF တပ်ဖွဲ့မှ တပ်ခွဲမှူး အဆင့်ရှိ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ ဖရူဆို PDF တပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖရူဆို PDF တပ်ဖွဲ့မှ တပ်ခွဲမှူး ဂျူးလီယိုဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်အတွင်း စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်ရင်း ကျဆုံးသွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်ခွဲမှူးဂျူးလီယိုဟာ ဖရူဆို PDF သို့ စတင်ဝင်ရောက်လာတဲ့ အချိန်ကစပြီး တပ်ရင်းမှ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ဖရူဆို PDF က ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်ပေးဆပ်ကာ တိုက်ပွဲဝင်သွားတဲ့ တပ်ခွဲမှူး ဂျူးလီယိုကို ဖရူဆို PDFက အာဇာနည် သူရဲကောင်း အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
ဖရူဆို PDF အနေနဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်သစ် ပေါ်ထွန်းလာတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။