လွိုင်ကော်အကျဥ်းထောင် တိုက်ပွဲ နှစ်ဖက် ထိခိုက် ကျဆုံးမှုများရှိခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
၁၁၁၁ စစ်ဆင်ရေးအဖြစ် ဒီဇင်ဘာလ တတိယပါတ်တွင် လွိုင်ကော်အကျဥ်းထောင်ကို ကရင်နီတပ်ပေါင်းစု များက စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“ပြည်နယ်ရဲရုံးကို သိမ်းပြီး နောက်ပိုင်းရက်တွေမှာဆို ဒီလ ၁၆ ရက်ကစလို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။တနေ့က(ဒီဇင်ဘာ ၁၇ ရက်)အထိပေါ့။လွိုင်ကော် အကျဥ်းထောင် တစ်ဝိုက်ဖြစ်တာ။အခု ဒီရက်တော့ တိုင်ပွဲ ငြိမ်နေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က ရှင်းပြသည်။
လွိုင်ကော်အကျဥ်းထောင်တိုက်ပွဲ၌ စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီး အသုံးပြုခဲ့ပြီး အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲခဲ့ကြောင်းလည်း ၎င်းက အသိပေးသည်။
ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နေ့အထိ ကရင်နီပူးပေါင်း တပ်များ၏ သီးခြားထုတ်ပြန်ချက်များအရ လွိုင်ကော် အကျဥ်းထောင်တိုက်ပွဲ ၌ ကျဆုံးသူ နှစ်ဦး ရှိသည်။
ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးမှာ Loikaw Local PDF-Alpha(4)တပ်စိတ်(၃) ရဲ ဘော် Stevin (ခ)မောင်ဥက္ကာအောင် နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် DMO Local PDF အမှတ် ၁၁၀၂ တပ် ရင်းမှ ရဲဘော် ဆန်းဒေး တို့ဖြစ်သည်။
စစ်ကောင်စီတပ်မှ လည်း သေဆုံးထိခိုက်သူများရှိပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
လွိုင်ကော်ထောင်တွင် စစ်ကောင်စီက အကျဥ်းသားများကိုလူသားဒိုင်းအဖြစ် အသုံးပြုထားသလို ၊ထောင်ကိုပါ စစ်စခန်းပုံစံအခိုင်အမာ ခံစစွတည်ဆောက်ထားကြောင်းစစ်ရေးရင်းမြစ်တစ်ဦးကလည်းပြောသည်။
ကရင်နီပူးပေါင်းတပ်၏ ၁၁၁၁ စစ်ဆင်ရေးနှင့် အတူ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေရာ လွိုင်ကော်ခရိုင်တရားရုံး၊ပြည်နယ်ရဲရုံးအပါအဝင် လွိုင်ကော်မြို့၏ သုံးပုံ နှစ်ပုံခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထားသည်။
ထို့အပြင် ၁၁၁၁ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စွဲ ထားသည့် နေရာ အခု ၂၀ ကျော် ၊ လက်နက်မျိုးစုံ ၃၀၀ နီးပါးအပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်ကို ကရင်နီပူးပေါင်းတပ်များက သိမ်းဆည်းရရှိထားသည်။