ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်၊ နန်ဆန်ယန်ကျေးရွာနားက လိုင်လွမ့်အောင်ဂျာ တပ်စခန်းနားမှာ အောက်တိုဘာ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်နေကြောင်း KIA ဘက်က အတည်ပြုပါတယ်။
KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “နန်ဆန်ယန်၊ လိုင်လွမ့်အောင်ဂျာဘက်မှာ KIA ဘက်နဲ့ ဝင်တိုက်တဲ့တိုက်ပွဲ ဖြစ်ပါတယ်။ အခုထက်ထိ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းဖြစ်ပါတယ်။ ကျနော်လည်း သဲသဲကွဲကွဲ မသိရသေးဘူး၊ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲကတော့ လေကြောင်းလည်းလာတယ်၊ လက်နက်ကြီးနဲ့လည်းပစ်တယ်” လို့ ပြောပါတယ်။
အခုညပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ထားတယ်လို့ အဲဒီအနီးဝန်းကျင်မှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ဒီညအတွက် မုန်လိုင်ခက်၊ ဝေကျိုင်၊ လိုင်ဇာ၊ လေကြောင်း လက်နက်ကြီး သတိပေးထားပါတယ်။”
ဒါပေမဲ့ ဒီဗွီဘီအနေနဲ့ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) က အောင်တိုဘာ ၁၆ ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခု ၄ ရက်ကျော်အကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
စစ်ကောင်စီတပ်တွေက KIO\KIA ဌာနချုပ် လိုင်ဇာနားက စစ်မျက်နှာတွေကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် မြစ်ကြီးနား-ဗန်းမော် လမ်းတလျှောက်မှာလည်း ပုံမှန်ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ၃ လကျော်ဝန်းကျင်အထိ ရှိနေပြီလို့ သိရပါတယ်။