ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ဗိုလ်သင်တန်း ကျောင်း၌ လွန်ခဲ့သည့် (၉)နှစ်က စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျဆုံးခဲ့သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်းရှစ်ဦးအပါအဝင်ဗိုလ်လောင်း ၂၃ဦးဖြစ်ရပ်ကို မည်သည့်အခါမှ မေ့ပျောက်မည်မဟုတ်ဟု ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။
KIA ဌာနချုပ်ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း၌ ပြီးခဲ့သည် ၂၀၁၄ နိုဝင်ဘာ ၁၉ရက်က စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်းရှစ်ဦးနှင့် ကျန် တိုင်းရင်းသားအဖွဲ့များမှ ဗိုလ်လောင်း ၁၅ ဦး စုစုပေါင်း ၂၃ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်သည် ယနေ့ (နိုဝင်ဘာ ၁၉ရက်) ကိုးနှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသည့် အဆိုပါ ရဲဘော်များကို အမြဲတမ်းသတိရ နေမည်ဖြစ်ပြီး ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်ဟု AAက ဆိုသည်။
အဆိုပါ တိုက်ခိုက်ခံရမှုနောက်ပိုင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်သည် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ယခုအခါ AAသည် အင်အားကြီးမားလာပြီး လူထုထောက်ခံမှုရရှိနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်လာသည်။ စစ်တပ် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် လူထုတော်လှန်ရေးတွင်လည်း AAက ထဲထဲဝင်ဝင် ပူးပေါင်းတိုက်ခိုက်နေသည်။