ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပြည်သူများကို ဦးတည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ၁၄၇ ဦး သေဆုံးကြောင်း၊ ဓာတုလက်နက်များ အသုံးပြု၍လည်း ၉ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ပြည်သူ ၅၃ ဦး သေဆုံး၍ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဓာတုဗုံးဖြင့် ၄ ကြိမ်ခန့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသတွင်မူ အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၆၇ ဦး သေဆုံးခဲ့ပြီး ၁၀၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲကြောင်း၊ နေအိမ် ၂၁၀ ခန့် ပျက်စီးခဲ့ကြောင်း၊ တအာင်းဒေသတွင် ဓာတုဗုံးဖြင့် တိုက်ခိုက်မှု ၅ ကြိမ်အထိရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရခိုင်ဒေသတွင်မူ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၄ ဦးအထိရှိခဲ့ကြောင်း၊ ရခိုင်ဒေသတွင်ပင် ဖမ်းဆီးခံရသူပေါင်း ၈၁ ဦး ရှိခဲ့ပြီး ဖမ်းဆီးခံရသူများတွင် အသက် ၁၈ နှစ်အောက် ၆ ဦးပါဝင်ကာ မွတ်ဆလင် ၁၄ ဦးပါဝင်ကြောင်း၊ ဒီဇင်ဘာ ၃ ရက်နေ့ ပလက်၀မြို့နယ်၊ တရွန်အိုင်ဗျူဟာကုန်း တိုက်ပွဲအတွင်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရဲရိုးပြင်ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ၊ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာတွင် နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၂၄ ရက်နေ့တွင်မူ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးအတွင်း ဆိုင်ခန်းပေါင်း ၃၇၉ခန်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။