ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၃၅၁ တပ်၏ စစ်စခန်းကို ၁၀ မိနစ်အတွင်း KNU က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် KNU အုပ်ချုပ်နယ်မြေ၊ ရွှေကျင်မြို့နယ်အတွင်း ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၁ တပ်ရင်း၏ တောင်ခြေစခန်းကို ၁၀ မိနစ်အတွင်း တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုကို အတည်ပြု နိုင်ခြင်း မရှိသော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ကျည် ၅၃ လုံး၊ RPG-7 ၂၆ လုံး၊ 79 ၁၂ လုံး၊ MAခွင်းဗုံး ၁၃ လုံး၊ MA ၁၁၂၆ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ M-14ဗုံး ၉ လုံး၊ RPG-7 ဘလက် ၁၇ ချောင်း၊ ၆၀ မမ ဆိုက် ၁ ခု၊ စကားပြောစက်(MA3. MA 2008) ၁ လုံး၊ အင်ဗာတာ ၁ လုံး၊ MAကျည်ဘောက် ၄ ခု၊ ဂျာမန် (CM.3024-z) ၁ လုံး၊ ကျည်ကာဦးထုပ် ၉ လုံး၊ ဆိုလာပြားအကြီး ၂ ချပ်၊ အသေး ၁ ချပ်၊ ဖုန်း ၁ လုံး၊ လက်ပစ်ကတ် ၆ လုံး စသည်တို့ဖြစ်ကြောင်း သိရှိရသည်။
၁၀ မိနစ်အကြာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူ များနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်အကြိမ်ရေများစွာပစ်ခတ်ခဲ့ခြင်းအပြင် လေကြောင်း မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ကျေးရွာများတွင်းသို့ လက်နက်ကြီးများ လေယာဉ်များတို့ဖြင့် ပစ်ခတ်မှုကြောင့် ကလောသိုးခီး (ကျားချောင်း)ကျေးရွာ၊ ထီးခေးလော့ကျေးရွာ၊ ထိုခေးပူ(အောက်ချင်း)ကျေးရွာများမှ လူဦးရေစုစုပေါင်း ၅၇၂ ဦးနှင့် အနီးအနားရှိ အခြားကျေးရွာများမှ ပြည်သူလူထုများမှာလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်ဘက်မှ စစ်ကူများထပ်မံရောက်ရှိလာပြီး K.N.L.A လက် အောက်ခံ ပူးပေါင်းတပ်များနှင့် ကွင်းဆိပ်ကျေးရွာနှင့် ကျားချောင်းကျေးရွာ အကြား ရေပြန်ချောင်းတွင် နှစ်ဖက် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း ရွှေကျင်မြို့နယ်၊ ဝါးတောကြီးတွင် နံနက် ၉ နာရီ ၅၈ မိနစ်တွင်တစ်ကြိမ်၊ ညနေ ၂ နာရီ ၂၅ မိနစ်တွင်တစ်ကြိမ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ် တစ်စီးက ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အင်္ဂနီ နှင့် ကျောက်တန်းကျေးရွာတို့ကိုလည်း ယင်းနေ့ နံနက် ၁ဝ နာရီ ၅၀ မိနစ် အချိန်လေကြောင်းမှ တစ်ဆင့် ပစ်ခတ်ရာ ကျောက်တန်းရွာရှိ ဦးစိုးသူအောင်၏ နေအိမ်မှာ ဗုံးတိုက်ရိုက်ထိမှန်ခဲ့ပြီး ဒေါ်တင်အေးနှင့် ဒေါ်ခင်ထွေး တို့၏ နေအိမ်များပါ ပျက်စီးခဲ့ရကြောင်း၊ ဒေါ်ခင်ထွေး အသက် ၆၅ နှစ် မှာလည်း ကျည်စထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
See Translation
All reactions:
25K25K