ကရင်နီပြည်နယ် ဘောလခဲမြို့ရှိ စစ်ကောင်စီရဲ့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ လက်နက်အပြည့်အစုံနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ထံ အလင်းဝင်ခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း KNDF တပ်ရင်းများထံ ဆက်သွယ်ပြီး အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲဝင် အမျိုးသား (၃)ဦး ၊ အမျိုးသမီး (၂) ဦးတို့ဟာ လက်နက် (၅)လက်နဲ့ ကျည်ဆန်များ အပြည့်အစုံနဲ့ KNDF ထံ အလင်းဝင်ခဲ့ပါတယ်။
အဲ့ဒါအပြင် ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း ရဲတပ်သား အမျိုးသားတစ်ဦးဟာ မိသားစုနဲ့အတူ လက်နက် (၁) လက်နဲ့ KNDF ထံ ထပ်မံဘက်ပြောင်းခိုလှုံအလင်းဝင်လာခဲ့တာဖြစ်ပါတယ်။
KNDF ထံ အလင်းဝင်လာတဲ့ အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေကို ၎င်းတို့ရဲ့ ဆန္ဒအတိုင်း သွားလာနေထိုင်ခွင့်များပေးထားပြီး ခံစားခွင့်ရရှိမယ့် ဆုကြေးများကိုလည်း ပေးအပ်ခဲ့တယ်လို့ KNDFက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ရဲတပ်ဖွဲဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေနဲ့ အခုလိုကာလမှာ လမ်းမှန်ပေါ်လျှောက်ပြီး ပြည်သူနဲ့ ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါဖို့ KNDF ကတိုက်တွန်းလိုက်ပါတယ်။
အဲ့ဒီလို ပူးပေါင်းလာတဲ့သူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစိတ်ချမှုကို အပြည့်အဝ အာမခံတယ်လို့ KNDF က သတင်းထုတ်ပြန်ချက်မှာ အသိပေးပြောဆိုထားပါတယ်။