ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးမှာ ဒရုန်းမရောင်းချဖို့နဲ့ ဒရုန်းပျံသန်းတာတွေ မပြုလုပ်ဖို့အတွက် စစ်ကောင်စီက တားမြစ်လိုက်ပါတယ်။
ရန်ကုန်တိုင်း စစ်ကောင်စီအုပ်ချုပ်ရေးက နိုဝင်ဘာ ၁၈ ရက်မှာ စာနဲ့ပေးပို့ ညွှန်ကြားလာတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကလည်း ဒေသန္တရအမိန့်ဆိုပြီး ဆက်လက်ထုတ်ပြန်လာတာဖြစ်ပြီး ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ မရောင်းဖို့၊ လက်ဝယ်မထားဖို့၊ မပျံသန်းဖို့ တားမြစ်ထားတာတွေ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေရဲ့ ဒရုန်းတိုက်ခိုက်မှုကို ကြောက်ရွံ့နေတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ကျောက်တံတား မြို့နယ်က ကင်မရာနဲ့ ဆက်စပ် ပစ္စည်းရောင်းချသူတယောက်က ပြောပါတယ်။
“ပြောရရင်တော့ သူတို့ကိုပါ အဲဒီလိုမျိုး လာတိုက်ခိုက်မှာစိုးလို့ ကာကွယ်တာနေမှာပေါ့။ အခု သတင်းတွေမှာ တက်နေတာက ဒရုန်းနဲ့ချည်းပဲချနေတာလေ။ သူတို့သုံးတဲ့ ဒရုန်းပုံစံလည်း ကြည့်ပါဦး။ အကိုတို့ရောင်းနေတဲ့ ဒရုန်းတွေက ဗုံးသီးမပြောနဲ့ ကြက်ဥတောင် တင်လို့မနိုင်တဲ့ ဒရုန်းအသေးစားတွေပါ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေအသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က အရေးနိမ့်ပြီး စခန်း လက်လွှတ်ရတာတွေနဲ့ သေဆုံးတာတွေလည်း နေ့စဉ်လိုလိုဖြစ်နေတာပါ။