ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းတွင် သီတင်းကျွတ် မီးရှူးမီးပန်းနှင့် ဗျောက်အိုးဖောက်ပါက ဖမ်းဆီးအရေးယူမည် ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လိုက်လံကြေညာနေကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့(အောက်တိုဘာ ၂၃ )ညပိုင်းတွင် မှော်ဘီမြို့နယ် ကျေးရွာအချို့၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ရဲကားများ လုံခြုံရေးယူ၍ သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်း မပြုလုပ်ရန်၊ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည် ဟု အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
” ညက ကျွန်တော်တို့ ရွာဘက်က အုပ်ကြီးတွေ သီတင်းကျွတ် ဗျောက်အိုးဖောက်ရင် ဖမ်းမယ်လို့ မိုက်နဲ့ လိုက်ကြေညာနေတယ်။ ကြေညာတာတောင် PDF တွေက သီတင်းကျွတ်ကို အခွင့်ကောင်းယူပြီး ဖောက်ခွဲရေးလုပ်နိုင်တဲ့အတွက် ဗျောက်အိုး မဖောက်ဖို့ဆိုပြီး အော်နေတာပါ။ သူတို့ အလုပ်ခံရမှာ ဆိုးလို့ ကြောက်ပြီး ကြေညာနေတာ ထင်ပါတယ် ” ဟု ဒေသခံပြည်သူက ပြောသည်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်ကွက်ရုံးများကို ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးရဲဘော်များက မကြာခဏ ဆိုသလို ပစ်မှတ်ထားတိုက်ခိုက်လေ့ ရှိသည်။
အောက်တိုဘာ ၂၂ ရက်ညကလည်း တိုင်းရင်းသားဒေသများနှင့် ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) အဖွဲ့မှ (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်။