ရှမ်း-ကရင်နီ နယ်စပ်၊ ပင်လောင်းဒေသ၊ မြောက်စလုံးကျေးရွာက ဘုရားစေတီတွေပေါ်မှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား အများအပြား တပ်စွဲထားပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဒေသခံ တစ်ဦးက ဒီကနေ့ မေလ ၅ ရက်မှာ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီမှာ တပ်စွဲလေ့ရှိတယ် ဆိုတာ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုက သက်သေပဲလို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော်တစ်ဦးက အတည်ပြု ပြောပါတယ်။
“ဟုတ်တယ်ဗျ။ သူတို့က ဘုရားစေတီ နဲ့ ဘုန်းကြီးကျောင်းတွေ တပ်စွဲထားတာ။ အင်အားကတော့ များတယ်။ ခန့်မှန်း အင်အားတော့ မပြောတတ်ဘူး။ စစ်ကြောင်း တစ်ကြောင်းလောက် ဆိုတော့ အင်အား ၁၅၀ လောက်ရှိမယ် ထင်တယ်။ တိုက်ပွဲကလည်း ဖြစ်နေတော့ အတိအကျ မသိရဘူး” လို့ သူကပြောပါတယ်။
ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေမှာ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ် အင်အား ထောင်ဂဏန်းသုံးပြီး စစ်ကြောင်း အများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ PDF နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အင်အား ထောင်ကျော်နဲ့ ဘက်ပေါင်းစုံက ထိုးနေတာ။ စစ်မျက်နှာ ပေါင်းစုံကပေါ့။ စစ်ကြောင်းကြီး တစ်ခုကနေ စစ်ကြောင်းငယ်တွေ ခွဲလိုက်တာ။ ပင်မ စစ်ကြောင်းကြီးတွေက အင်အား ၄၀၀ လောက်ရှိတယ်။ စစ်ကြောင်း တစ်ကြောင်းမှာ အင်အား ၁၅၀ ခန့် တွေ့ရတယ်။ သူတို့က စစ်ကြောင်းကို ခွဲလိုက်တာမျိုး၊ ခွဲပြီး တပ်စွဲတာ စစ်ကြောင်းထိုးတာ အထိုင်သဘောမျိုးပေါ့၊ လုပ်တဲ့အခါမှာ ၈၀ ဦးလောက်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ ကျဆုံးရှိရင် ထပ်ပြီး အင်အားဖြည့်တယ်။ စစ်ကြောင်း ပြန်ထိုးတယ်၊ ဒီလိုမျိုး လုပ်နေတာ။ အခြေအနေ မဟုတ်ရင် နောက်ခဏ ဆုတ်တယ်၊ အင်အားဖြည့်ပြီးတာနဲ့ ပြန်ထိုးတာပေါ့” လို့ သူပြောပါတယ်။
လက်ရှိ စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ရှမ်း-ကရင်နီ နယ်စပ် တစ်လျှောက် အပါအဝင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဧပြီလ အတွင်း တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။