စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁၀ ဦးကို အရှင်လတ်လတ် အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၅၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြေနဲကျေးရွာ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသည့် အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်သားများနှင့် တောပုကျေးရွာမှ ပျူစောထီး ၃၀ ခန့်သည် နံနက် ၈ နာရီ ကျော်ခန့်တွင် ကြာပိုင်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ ပြည်သူ့နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀ ဦးကို အရှင်လတ်လတ် အိမ်ထဲ စုထည့်၍ တိုက်ပိတ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူ ၁၀ ဦးမှာ
၁။ ကိုစိုးမိုးသူ (အသက်၂၉ နှစ်)
၂။ ကိုစံရွှေ(အသက် ၄၃ နှစ်)၊
၃။ ကိုချမ်းငြိမ်း (အသက် ၂၉နှစ်)
၄။ ကိုပါပီရား (အသက် ၃၇ နှစ်)
၅။ ကိုဆန်းဝင်း (အသက် ၅၃နှစ်)
၆။ ကိုငဒိုး (အသက် ၃၈နှစ်)
၇။ ကိုလှိုင်ဝင်း(အသက် ၃၈ နှစ်)
၈။ ကိုထွန်းထွန်း(အသက် ၂၀ နှစ်)
၉။ ကိုလှိုင်သူရ (အသက် ၂၃ နှစ်)
၁၀ ကိုထွန်းခင် (အသက် ၄၃ နှစ်) တို့ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ကြာပိုင်ကျေးရွာသည် တောပုပျူစောထီးရွာ၏ မြောက်ဘက်ကပ်လျက်တွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး မကြာခဏ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ၏ ဖိနှိပ် ဗိုလ်ကျအနိုင်ကျင့်ခြင်းများကို ကြာပိုင်ကျေးရွာရှိ ပြည်သူများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မယူဆောင်ရုံသာမက အဆိုပါပစ္စည်းများကို ထမ်းခိုင်း၍ တောပုရွာအတွင်းသို့ လိုက်ပို့ခိုင်းခြင်းများလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။