ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၁ က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ စက်တော်ရာတောင်ပေါ်စခန်းကုန်းကို ကရင်နီပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း KNDF တပ်ရင်း ၁၁ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ရဲဘော် အာကာအောင် ၊ ရဲဘော် ပန်းစိန်အောင် ၊ ရဲဘော် စန်းမြင့်ဌေး တို့ ၃ ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့က ကရင်နီပြည်နယ် တစ်နေရာမှာ ပြုလုပ်ပေးခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ KNDF တပ်ရင်း ၁၁ က ဆိုပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ၊ တန်းတူအခွင့်အရေးရရှိရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် အစွမ်းကုန် တော်လှန်တိုက်ခိုက်ရင်း အသက်ပေးဆပ်သွားကြတဲ့အတွက် KNDF တပ်ရင်း ၁၁ အနေနဲ့ အာဇာနည် သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။