မန္တလေးတိုင်း၊မိုးကုတ်မြို့ပေါ်နေ လူငယ်၅ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။
မိုးကုတ်မြို့အခြေစိုက် စစ်တပ်နှင့်ရဲတို့သည် အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီဝန်းကျင်တွင် ကား၂ စီး ဖြင့်ရောက်လာကာ ပန်းမရပ်ကွက်အတွင်းရှိ လူငယ် ၄ ဦးကိုဖမ်းဆီးသွားပြီးနောက် အောင်သုခရပ်ကွက်နေ လူငယ် ၁ဦး ကို လည်း ဆက်လက်ဖမ်းဆီးသွားကြောင်း ပန်းမရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။
“ဖမ်းသွားတဲ့အချိန်မှာတောင် အသေရိုက်တာ။ ဘာလို့ဖမ်းတယ်ဆိုတာတော့ဘယ်သူမှမသိဘူးလေ။အရမ်းသနားစရာကောင်းတယ်။တော်တော်လေးအရိုက်ခံလိုက်ရတာ။ အဲ့နေ့ညက ကားနှစ်စီးနဲ့ပတ်ပြီးဖမ်းသွားတာ။ ဘယ်သူမှချောင်းတောင် မဆိုးရဲကြဘူး”ဟု ၎င်းကပြောသည်။
၎င်းတို့ ၅ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသလဲ မသိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် အောက်တိုဘာ၁ရက်မှစပြီး မိုးကုတ်မြို့ပေါ်၌ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း စီးခွင့်နှင့် အမျိုးသမီးနောက်အမျိုးသား လိုက်စီးခြင်းတို့ကို ပိတ်ပင်ခဲ့ကာ ဖမ်းဆီးမှုများလည်း လုပ်ဆောင်လျက်ရှိသည်။
“အရှေ့ပိုင်းရော၊အနောက်ပိုင်းမှာရော ဖမ်းတယ်။အရှေ့ပိုင်းမှာ နှစ်နေရာဖမ်းတယ်၊အဲ့နေ့(အောက်တိုဘာ၁ရက်)က အဖမ်းခံထားရသူတွေ တော်တော်များတယ်။ ပြန်မလွှတ်သေးဘူး” ဟု မိုးကုတ်မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
မိုးကုတ်မြို့အရှေ့ပိုင်းတွင် ဖမ်းဆီးခံရသူများကို အရှေ့ပိုင်းရဲစခန်း၌ ချုပ်နှောင်ထားပြီး အနောက်ပိုင်း ၌ ဖမ်းဆီးမိသူများအား ကျပ်ပြင်ရဲစခန်းတွင် ချုပ်နှောင်ထားကာ ယနေ့(အောက်တိုဘာ၇ရက်) နေ့ခင်းပိုင်းအထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။
ဆိုင်ကယ်ကို ရဲများက ဖမ်းဆီးခြင်းဖြစ်ပြီး ဆိုင်ကယ် ၁၀ စီးကျော် ဖမ်းဆီးခံရသဖြင့် လူအယောက် ၂၀ ကျော် ရဲစခန်းအချုပ်ထဲသို့ ရောက်နေကြောင်း သိရသည်။
မိုးကုတ်မြို့နယ်အတွင်း စက်တင်ဘာ၁၀ရက်မှ စက်တင်ဘာ၂၇ရက်အထိ စစ်တပ်နှင့် TNLA ပူးပေါင်း တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ခြင်းကြောင့် မိုးကုတ်မြို့ပေါ် စစ်တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ယခုလအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း မိုးကုတ်မြို့ပေါ်၌ ပြည်သူများကို လိုက်လံဖမ်းဆီး လျက်ရှိသည်။