ဘဏ္ဍာရေး တိုက်စစ်မှာ ပါဝင်ခဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြာင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စိတ်အားထက်သန်စွာ အာဏာဖီဆန်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိမှု သိသာစွာလျော့နည်းခဲ့ပြီး အကြမ်းဖက် လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နိုင်ဖို့ အကြပ်အတည်းဆိုက်ရောက်စေခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မိမိတို့ ကျရာနိုင်ရာအခန်းကဏ္ဍက အကြမ်းဖက် စစ်ကောင်စီထံ လွှဲပို့ငွေတွေ မရောက်ရှိစေဖို့ အချိန်ကိုက်ဆောင်ရွက်မှုကြောင့် ဘဏ္ဍာရေး တိုက်စစ်မှာ တတပ်တအားပါဝင်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အထူးကျေးဇူးတင် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင်မှု အလျဉ်းမရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမိန့်အာဏာဟူသမျှကို တော်လှန်လိုစိတ်ပြင်းပြစွာနဲ့ ဆန့်ကျင်အန်တုခဲ့ကြတဲ့အတွက် အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိအလုပ်လုပ်ကိုင် နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မြန်မာနိုင်ငံအတွင်းကို ပြန်လည်လွှဲပို့ငွေ တွေဟာ ယခင်ကထက် ၁၀ ပုံ ၁ ပုံခန့်သာ အကြမ်းဖက်စစ်ကောင်စီထံကို ရောက်ရှိတော့တာကိုလည်း လေ့လာသိရှိရတယ်လို့ ဆိုပါတယ်။