စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့အထိုင်တပ်မှ မြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ မိုးစိန်းကျွန်းရွာနှင့် မိုင်းကာကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဗန်းမော်မြို့တွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲမရှိပါဘူး။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ။ မိုင်းကာရွာကျတယ်လို့တော့ ကြားတယ်။ လူတစ်ယောက်သေတယ်တဲ့။ မိုးစိန်းကျွန်းမှာရောကျတယ်တဲ့။ လူဘယ်နှစ်ယောက်သေလဲဆိုတာ သေချာမသိ”
လက်နက်ကြီးပေါက်ကွဲမှုကြောင့် မိုင်းကာကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် မိုးစိန်းကျွန်းရွာမှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရပြီး အသေးစိတ်အချက်အလက်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဧရာဝတီမြစ်ကြောတစ်လျှောက် ရွှေတူးနေသည့်နေရာများသို့ ပစ်ခတ်ခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆကြပြီး ယင်းကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများကို စစ်တပ်ကမကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။