ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်၌ အာဏာသိမ်းစစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် ခုနစ်ဦး ထပ်မံ သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)က ယနေ့ ထုတ်ပြန်သည်။
အောက်တိုဘာ ၁၆ရက်မှ ၂၀ရက်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၂၀ရက်တွင် KNLA တပ်ဖွဲ့ဝင်များက ဘူးသိုမြို့နယ်အတွင်းရှိ ကဝါကျိုး၌ စခန်းချထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၈ရက်တွင် လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု ထွီဖားသူးလူနေရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။
ဒွယ်လိုးမြို့နယ် မယ်ဝေဒေသရှိ စစ်ကောင်စီ၏ ဘလယ်လူစခန်းကိုလည်း အောက်တိုဘာ ၁၇ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းမှ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် အဆိုပါ တပ်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို တာဖဒေးတွင် နောက်ထပ်တစ်ကြိမ်စောင့်ဆိုင်းပစ်ခတ်ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာ ၁၆ရက်ကလည်း ဖာပွန်ခရိုင် ခေါ်ဒေါခိုတွင်တစ်ကြိမ်၊ ထို့ညိုခီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၇ဦးရှိခဲ့ကြောင်း ထုတ်ပြန်သည်။ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဟုလည်း အသိပေးသည်။
စစ်ကောင်စီတပ်ကလည်း အရပ်သားပြည်သူများ ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ဖာပွန်ခရိုင် ထီးဘောဖဒေးရွာရှိ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။
KNU တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁ရက်မှ ၂၀ရက်အတွင်း တိုက်ပွဲ ၄၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅) ၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။