စစ်ရေးအရှိန် မြင့်နေတဲ့ ကာလမှာ ပြည်သူတွေ မလိုအပ်ဘဲ ခရီးသွားလာတာ၊ နေအိမ်ပြင်ပ ထွက်တာတွေ မလုပ်ကြဖို့နဲ့ အရေးတကြီး သွားလာဖို့ လိုအပ်ပါက တိုက်ပွဲနဲ့ လမ်းကြောင်း အခြေအနေ စုံစမ်း သွားလာကြဖို့ ရှမ်းမြောက် အခြေစိုက် တအာင်း နိုင်ငံရေး အတိုင်ပင်ခံ ကောင်စီက မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ တိုက်တွန်း ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ ဆက်လက် အရှိန်မြင့်တက်နေပြီး စစ်ကောင်စီဘက်က ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတာကြောင့် လုံခြုံရေး ဆိုင်ရာ အချက်တွေ ထုတ်ပြန် တိုက်တွန်းတာလို့ သိရပါတယ်။
အဆိုပါ အချက်တွေထဲမှာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ကာကွယ်နိုင်ဖို့ မိမိတို့ နေအိမ်မှာ ဗုံးခိုကျင်း၊ အခြား အကာအကွယ် ပေးနိုင်တဲ့ နေရာတွေ ပြင်ဆင်ထားဖို့နဲ့ သတိနဲ့ နေထိုင်ကြဖို့၊ အရေးပေါ် လိုအပ်နိုင်တဲ့ အခြေခံ အစားအသောက်၊ ဆေးဝါးတွေ စုဆောင်းထားဖို့နဲ့ အကူအညီ တောင်းခံနိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေ ကြိုတင် မှတ်သားထားဖို့ ပါရှိပါတယ်။
ဒါ့အပြင် ပြည်သူတွေ အနေနဲ့ ငွေ၊ ဖုန်း၊ မှတ်ပုံတင် စတာတွေ ကိုယ်နဲ့ တပါတည်း ဆောင်ထားပြီး ထိခိုက် ဒဏ်ရာရတဲ့ ကိစ္စတွေနဲ့ နေအိမ်ကို စွန့်ခွာဖို့ လိုအပ်လာရင် အကူအညီ ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို ဖုန်းဆက် အကူအညီ တောင်းခံဖို့ တိုက်တွန်း နှိုးဆော် ထားပါတယ်။
ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မြို့ ၅ မြို့၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး နိုင်ငံတဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ “တစ်နိုင်ငံလုံး စစ်ဆင်ရေး” ပထမဆင့် ရောက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြန်ကြားရေးက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် ပြောဆို ထားပါတယ်။