မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းဟာ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရင်းငြိမ်ရဲကင်းစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ညနေ ၄ နာရီမှာ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ တစ်ကြိမ်၊ ဒရုန်းနဲ့နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာပါ။
ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဗုံးသီးတချို့ ရဲကင်းအတွင်း ကျရောက်ပေါက်ကွဲတာတွေ ရှိနေပမယ့် ထိ ခိုက်သေဆုံးတာနဲ့ ပျက်စီးမှုအသေးစိတ် မသိရသေးပါဘူး။
ရဲကင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ကလည်း ပေါင်မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့လာရောက်တိုက်ခိုက်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ မောင်းသူမဲ့ဒရုန်း အသုံးပြုမှုတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ သြဂုတ် ၂၁ ရက်နေ့မှာ ဝန်ခံပြောဆိုထားပါတယ်။