ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ထောက်ပံ့ပေးတာနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြို့ခံ ၂ ဦးကို ပုသိမ်အကျဥ်းထောင် အထူးတရားရုံးက နိုဝင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ မဟာဗောဓိလမ်းမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မချောစုထွန်းနဲ့ အသက် ၃၅ နှစ်အရွယ် ကိုသိန်းဇော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လမှာ ဖမ်းဆီးခဲ့ပါတယ်။
သူတို့ ၂ ဦးကို ပုသိမ်ထောင်ကြီးဘေးနားက စစ်ကြောရေးစခန်းမှာ တလကျော် စစ်ဆေးခဲ့ပြီးနောက် ပုသိမ်ထောင်သို့ ဆက်လက် ပို့ဆောင်ကာ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၂(ခ)၊ ပုဒ်မ ၅၄ တို့နဲ့ တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
မိသားစုနဲ့ နီးစပ်သူတဦးက “သူတို့ကို ဇွန်က PDF နဲ့ CDM ထောက်ခံတာနဲ့ နောက်ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တွေ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြီးဖမ်းတယ်။ ပြီးတော့ စစ်ကြောရေးမှာ ၁ လခွဲနီးပါးလောက် စစ်တယ်။ စစ်ကြေားရေးက ထွက်တော့ အမှု ၃ မှုနဲ့ တရားစွဲပြီး ထောင် ၂၂ နှစ် ချလိုက်တယ်။ အခု သူတို့ကို ပုသိမ်ထောင်မှာ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်အတွင်း ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ဦးကိုလည်း ဇူလိုင် ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင် အထူးတရားရုံးမှာ ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုးချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အချိန်အထိ နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၉,၇၁၃ ဦးရှိပြီး ၈,၂၆၂ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။