စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နဘားကျေးရွာလမ်းဆုံ (ဒေသအခေါ် မိုက်ခရိုဝေ့လမ်းဆုံ) ကို ယနေ့နံနက် ၁၁ တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။
တိုက်ပွဲမဖြစ်ဘဲ မိုက်ခရိုဝေ့ (ဆက်သွယ်ရေးတာဝါတိုင်) အနီး ဗုံးလေးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီနေ့ကြဲတဲ့နေရာက တာဝါတိုင်နဲ့ နီးတယ်လေ။ တာဝါတိုင်နားလေးမှာက ပြည်သူတချို့ရှိတယ်။ အဲ့တာ အမျိုးသမီးတစ်ယောက် ကျောဘက်ကို ဒဏ်ရာရသွားသေးတယ်တဲ့”
ယမန်နေ့မွန်းလွဲကလည်း ထိုနေရာအနီးတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ်နှင့် ဆိုင်ခန်းစုစုပေါင်း ၅ လုံးခန့် ပျက်စီးခဲ့ပြီး ကုန်စိမ်းရောင်းသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
“သူက ကသာကနေ မော်လူးကို ကုန်စိမ်းတွေတိုက်ပို့တာ။ အဲ့မှာလမ်းမှာဖြစ်သွားတာပေါ့နော်။ အဲ့နေ့ ကသာကနေ မော်လူးကို ကုန်စိမ်းတွေ သယ်လာတဲ့အချိန် လမ်းမှာဖြစ်လိုက်တာ “
သေဆုံးသူမှာ မော်လူးကျေးရွာမှ အသက် ၄၀ နှစ်ကျော်အရွယ် ဒေါ်သန်းသန်းမော်ဆိုသူဖြစ်ပြီး သေဆုံးသူ၏ ခင်ပွန်းနှင့် မောင်ဖြစ်သူတို့မှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွါးခြင်း မရှိသော်လည်း မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုကားလမ်းမကြီးကို စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ် (အင်းတော်မြို့နယ်အတွင်း) တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့က ပိတ်ပင်ထားကြောင်း သိရသည်။
နဘားကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလာပြီး ပြီးခဲ့သည့် သုံးရက်တာအတွင်း အင်းတော်စစ်ဗျူဟာကုန်းမှ နဘားကျေးရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။