ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ရှိ မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၂ဦးဒဏ်ရာရကာ နေအိမ်များပျက်စီးမှုရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် မန်မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
ထို့ပြင် ပြည်သူလူထုနေအိမ် ၁၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ညကလည်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးအသုံးပြု တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သား ၂ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။
မြို့သစ်ရွာနှင့်အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်ဟု အသိပေးထားသည်။
ရှမ်းမြောက်ဒေသ စစ်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်သည် လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ အလွန်အကျွံအသုံးပြု တုံ့ပြန်လျက်ရှိရာ အရပ်သား ပြည်သူများနေထိုင်ရာနေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုလပိုင်းအတွင်း အရပ်သား ပြည်သူ ၄၀ဦး သေဆုံးကာ ၅၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။