စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျသွားတဲ့ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာအတွက် ထိုင်း ယူ-၂၃ လက်ရွေးစင်ဘောလုံးသမား ပေါင်ဆာခွန်းက ဂျာစီလေလံတင် ရောင်းချရာမှာ ဘတ် ၃၆၅၀၀ နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။
ပေါင်ဆာခွန်းဟာ လက်ရှိထိုင်းလိဂ် -၁ ကလပ် ရတ်ချာဘူရီအက်ဖ်စီ အသင်းကြီးမှာ ၁၇ နှစ်အရွယ်နဲ့ ပရော်ဖက် ရှင်နယ်ကစားသမားအဖြစ် ကစားနေသလို ထိုင်းယူ -၂၃ အသင်းကပါ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူဖြစ်ပါတယ်။
မွန်မိဘတွေက ထိုင်းနိုင်ငံ ဆန်ခလာဘူရီမှာ မွေးဖွားခဲ့ပြီး ထိုင်းကိုယ်စားပြု ဘောလုံးသမားဖြစ်လာခဲ့တဲ့ ပေါင်ဆာခွန်းဟာ မနှစ်က AFC ယူ-၁၇ အာရှဖလားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ကစားပေးခဲ့တဲ့ ကျောနံပါတ် ၁၅ ဝတ်စုံကို ဓမ္မသရွာ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းဖို့ လေလံတင်ခဲ့တာပါ။
မမျှော်လင့်ထားတဲ့ ဘတ် ၃၆၅၀၀ ပေးပြီး ဝယ်ယူသွားသူကိုရော၊ လေလံပွဲအတွက် ကူညီပေးသူအားလုံး ကို ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။။
ဘန်ကောက်ပို့စ်က ဖော်ပြတဲ့သတင်းမှာတော့ လေလံဆွဲသွားသူဟာလည်း မွန်အမျိုးသမီးဖြစ်ပြီး အမည်အားဖြင့် ပန်ဆက်ခ်လို့သာသိရတယ်လို့ ဆိုပါတယ်။
ဓမ္မသရွာသူရွာသားတွေဟာ လက်ရှိအချိန်အထိ တောတောင်ထဲ ၊ ဂူတွေထဲ ပုန်းအောင်းရင်း ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ထည့်သွင်းရေးသားထားပါတယ်။