ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အနီးက နေကျော်ဆိုတဲ့နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု(SBA)စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။
မောတောင်ငယ်ရွာအနီးက နေကျော်ဆိုတဲ့နေရာမှာ ကော်သူးလေတပ်မတော်(KTLA)ကနေ မဟာမိတ်တပ်တွေနဲ့ ရပ်ရွာကာကွယ်ရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတဲ့နေရာရှိတယ်လို့ ကိုစိုင်းညီက ပြောပါတယ်။
မနေ့မွန်းလွဲ ၁၁နာရီခွဲခန့်ကတစ်ကြိမ်၊ နောက် ၁၅ မိနစ်အကြာမှာတစ်ကြိမ် ဂျက်ဖိုက်တာနဲ့ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နေကျော်ဆိုတဲ့နေရာမှာ လူနေအိမ် ၂၀ ခန့်ရှိပြီး တိုက်ခိုက်မှုကြောင့်နေအိမ်၊ အရပ်သားနဲ့ စစ်သင်တန်းအတွင်းက သင်တန်းသားတွေထိခိုက်မှုမရှိခဲ့ပေမယ့် ဥယျာဉ်ခြံတွေပျက်စီးခဲ့တယ်လို့ ကိုစိုင်းညီက ဆိုပါတယ်။
“ဗုံးတစ်လုံးကျသွားတဲ့နေရာဆို ဧကဝက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့အပင်တွေပျက်စီးကုန်တယ်” လို့ သူက ပြောပါတယ်။
ဗုံးလာကြဲတဲ့ဂျက်ဖိုက်တာဟာ K-8W တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီပထမပတ်ကလည်း အဲဒီနေကျော်ဆိုတဲ့နေရာအနီးတဝိုက်ကို စစ်ကောင်စီက MI-2 ရဟတ်ယာဉ်နဲ့ ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ မနေ့ကဖြစ်စဉ်ကတော့ ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ပြီး ဂျက်ဖိုက်တာကို အသုံးပြုခဲ့တာပါ။
စစ်ကောင်စီပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်တဲ့အချိန်က ကော်သူလေးတပ်မတော်က စစ်သင်တန်းပေးနေတဲ့အချိန်ဖြစ်တယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု(SBA)စစ်ကြောင်းရဲ့ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက အတည်ပြုပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်အနီးက ထုံခါ-မောတောင်လမ်းပိုင်းမှာရှိတဲ့ နေကျော်ဆိုတဲ့နေရာမှာ ကရင်တိုင်းရင်းသားအများစုနေထိုင်ပြီး ဥယျာဉ်ခြံမြေလုပ်ငန်းအဓိက လုပ်ကိုင်ကြပါတယ်။
စစ်ကောင်စီဟာ တိုင်းအတွင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။