ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲကို ပြည်သူတွေ အနေနဲ့ မလည်ပတ်ဘဲ သပိတ်မှောက်ဖို့ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့-UTF က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တိုက်တွန်းပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ မဝေးတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရစဥ် ပွဲလမ်းသဘင်တွေမှာ ပျော်ပါးနေသူတွေကို ရှုတ်ချတယ်လို့ ဆိုပါတယ်။
“အဓိက ကတော့ စကစ ဖိအားပေးပြီး လုပ်တဲ့ ပွဲတွေကို မသွားဘဲ တတ်နိုင်သမျှ Boycott ဖို့၊ ကိုယ့်မြို့နဲ့ မဝေးတဲ့ အိမ်နီးချင်း မြို့တွေမှာ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကိုယ်က ပျော်ပါးနေတာမျိုး မဖြစ်သင့်ဘူးပေါ့။ လူစုလူဝေးကို အသုံးချပြီး လူသားဒိုင်းအဖြစ် အသုံးမချဘူး မပြောနိုင်လို့ သတိထားကြဖို့ အတွက် ရှမ်းပြည်ရဲ့ လူငယ်တပ်ဖွဲ့ တစ်ခု အနေနဲ့ သတိပေး ပြောချင်တဲ့ သဘောပေါ့” လို့ UTF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုင်းပြည် အေးချမ်းနေသယောင် ပွဲလမ်းသဘင်တွေ ကျင်းပနေပေမယ့် အပျော်အပါးနောက် မလိုက်ဘဲ ခေတ်ကာလ အခြေနေကို သုံးသပ် စေချင်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ပွဲတော် အတွင်း လုံခြုံရေး အာမခံချက် မရှိတာကြောင့် ဆင်ခြင်ကြဖို့ သူက တိုက်တွန်းပါတယ်။
လက်ရှိ လွိုင်ကော်နဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ နီးစပ်ရာ မြို့နယ်တွေကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ဒေသခံတွေ အနေနဲ့ တတ်နိုင်သမျှ ကူညီပေးကြဖို့ UTF က မေတ္တာရပ်ခံ ထားပါတယ်။