ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းစစ်ကောင်စီတပ်စခန်း၌ တာဝန်ကျနေသည့် တပ်သားတစ်ဦး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)CDM Siyin(စီးယင်း)က ယနေ့ ထုတ်ပြန်သည်။
“ယုံယုံကြည်ကြည်နဲ့ အလင်းဝင်လာတယ်လို့ပြောလိုရပါတယ်။ ဝင်လာတဲ့သူကတော့ ကျတော်တို့အနေနဲ့ အားရပါးရနဲ့ ကြိုဆိုကြတာပေါ့”ဟု အဆိုပါအဖွဲ့မှတာဝန်ရှိသူကပြောသည်။
အလင်းဝင်လာသူ တပ်သား စိုင်းဇော်ထွေးသည် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်မှ ဖြစ်ပြီး လက်ရှိတွင် သိုင်းငင်းစစ်စခန်း၌ တာဝန်ကျနေသူဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တပ်သားကို လွတ်မြောက်နယ်မြေသို့ရောက်သည့်အထိ လုံခြုံစိတ်ချစွာ နေထိုင်နိူင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
“နောက်ထပ်လည်း ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီ အလင်းဝင်ရောက်လိုသည့် မည်သူ့ကိုမဆို CDF CDM Siyin အနေဖြင့် အားပေးထောက်ခံ ကြိုဆိုကြောင်းလည်း ထပ်လောင်း၍ ဖိတ်ခေါ်အပ်ပါသည်”ဟု CDF စီးယင်းက ဖော်ပြထားပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာပါက အနည်းဆုံး သိန်း(၅၀)နှင့်အထက် ဆုငွေ ပေးအပ်ချီးမြှင့်မည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၉၃၀) ထောက်ပံ့ပို့ဆောင်ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦး CDF စီးယင်းထံ အလင်းဝင်ခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်မှ ယနေ့အထိ စစ်ကောင်စီတပ်သားများထဲမှ CDMဝင်ရောက်ခြင်းနှင့် အလင်းဝင်ရောက်လာခြင်း ပြုလုပ်သူ ၁၀ဦးကျော်ရှိပြီဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။