တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်မှဒုတပ်ကြပ်တစ်ဦးကို ၎င်းသွားလိုသည့် နေရာသို့ ပို့ဆောင်ပေးလိုက်ကြောင်း မြို့လှK-PDFက ယနေ့ (စက်တင်ဘာလ ၅ရက်) သတင်းထုတ်ပြန်သည်။
ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ အထိုင်ချစခန်းကို စက်တင်ဘာလ၁ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီဒုတပ်ကြပ်တစ်ဦးကလက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့ငြိမ်းချမ်းရေးကို ဦးထိပ်ထားလျက်ရှိသည်နှင့်အညီ လွတ်လပ်စွာနေထိုင်ခွင့်နှင့် မိမိသွားလိုသောနေရာသို့ပို့ဆောင်ပေးလိုက်ပါသည်” ဟု မြို့လှK-PDFက ထုတ်ပြန်ထားသည်။
ဒုတပ်ကြပ်အဆင့်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် မကွေးတိုင်းတွင် တာဝန်ကျခဲ့စဉ် ခလရ(၇၇)တပ်ရင်းမှထွက်ပြေးခဲ့ဖူးပြီး ပြန်လည်အဖမ်းခံခဲ့ရသောကြောင့်ချုပ်ရက်သုံးလကျခံခဲ့ရဖူးသည်ဟုသိရသည်။
ဓမ္မနှင့်အဓမ္မကို ခွဲခြားသိမြင်ပြီးပြည်သူ့ဘက်သို့ ခိုလှုံ ဝင်ရောက်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်းမြို့လှK-PDFက အသိပေးထားသည်။
စက်တင်ဘာလ ၁ရက်က တိုက်ပွဲမှာ ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် တပ်မ (၈၈) လက်အောက်ခံ တပ် ခလရ (၇၇)ကို မြို့လှ K-PDF တပ်ရင်းတို့ (၁)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ခြောက်ဦးဒါဏ်ရာရကာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း မြို့လှ PDFကအသိပေးထားသည်။