CDF-Kanpetlet (ချင်းလဲန်ကာကွယ်ရေးတပ်-ကန်ပလက်) တပ်ရင်း ၃ တူမီးတပ်ရင်းက တာဝန်ပေးအပ်ထားတဲ့ တာဝန်ရှိသူတွက လွဲပြီး ထိန်းချုပ်နယ်မြေအတွင်း စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်ထားရှိခြင်းများမပြုလုပ်ကြဖို့ CDF Kanpetlet တပ်ရင်း-၃ တူမီးတပ်ရင်းက အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
CDF-Kanpetlet ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျေးရွာများ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်။
“ပထမတစ်ချက်က အိတ်ထောင်တွေထဲမှာ စစ်ဘက်သုံးပစ္စည်းတွေ သယ်ထားပြီးသွားလာကြရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂ်ိတ်နဲ့ တိုးမိတဲ့အခါ အဖမ်းခံရတာမျိုးတွေရှိလို့ရယ် ပြီးတော့နောက်တစ်ချက်က ဘယ်ကဘယ်လိုရလာလဲမသိရဘဲ ကျည်ဆံတွေ၊စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အရပ်သားတွေကြားထဲ လက်ဝယ်ထားရှိကြတာမျိုးက နောင်တစ်ချိန်ကျရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာစိုးလို့ အခုလို အသိပေးထုတ်ပြန်ရတာဖြစ်ပါတယ်” လို့ CDF-Kanpetlet တပ်ရင်း-၃ ရဲ့တပ်ရင်းမှူးက ပြောပါတယ်။
တားမြစ်ထားတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကတော့ မောင်းပြန်ရိုင်ဖယ်အမျိုးမျိုး၊ စစ်သုံးကျည်ဆံပေါင်းစုံနဲ့ ဖောက်ခွဲရေးပစ္စည်းတွေဖြစ်ပြီး ထိန်းချုပ်နယ်မြေအတွင်းမှာ တာဝန်ရှိသူကလွဲလို့ အဲ့ဒီစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကာတာမျိုး လက်ဝယ်ထားရှိတာမျိုးတွေ့ရင် အရေးယူမှုတွေပြုလုပ်သွားမယ်လို့ လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
CDF-Kanpetlet ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေတဝိုက်မှာလည်း လတ်တလောအတွင်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကြား ကြိမ်ရေ ခပ်စိပ်စိပ် တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း သိရပါတယ်။