ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်ခဲ့သူ လူငယ် ၄၈၄ ဦးကို ဖမ်းဆီးထားရာမှ ဒီနေ့ မတ်လ ၁၈ ရက် နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းရင်းမြစ်ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် က တာချီလိတ် 1G1 ဟိုတယ်အနောက်ဘက် အွန်လိုင်းလုပ်ငန်းက ဖမ်းဆီးရမိခဲ့တဲ့ လူငယ် ၄၈၄ ဦးကို ဖမ်းဆီးထားပြီး ၂၄ ရက်အကြာမှာ အာမခံနဲ့ပြန်လွှတ်လိုက်တာလို့ သိရပါတယ်။
အာမခံအတွက် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းရှိသူ ၂ ဦးရဲ့ အာမခံထောက်ခံစာနဲ့ ကိုယ်တိုင်ခံဝန် လက်မှတ်ရေးထိုးရပြီး ပြန်လွှတ်ခံရတယ်လို့ သိရပါတယ်။
ပြန်လည်လွှတ်ပေးခံရသူတွေစာရင်းမှာ အသက် ၁၈ နှစ်အောက် ကျား ၄၀ ဦးနဲ့ မ ၁၈ ဦးတို့ကို မတ်လ ၈ရက်က ပြန်လည်လွှတ်ပေးခဲ့ပြီး ယခု ၄၈၄ ဦး ဟာ ဒုတိယအကြိမ် ပြန်လွှတ်ပေးတာလို့ သိရပါတယ်။ သူတို့ကို ဖမ်းဆီးထားတဲ့ နေရာမှာ ယာယီတရားရုံးဖွင့်ပြီး စိစစ်ကာ အသုတ်လိုက် လွှတ်ပေးတာလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် အဖမ်းခံရစဉ်က ထိုင်းနိုင်ငံသား ကျား ၇၇ ဦး၊ မ၇၉ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၆၉၇ ဦးအနက် မြန်မာနိုင်ငံသား ၄၈၄ ဦး ယနေ့ပြန်လွှတ်လာတာ ဖြစ်ကြောင်း သိရပါတယ်။