စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ကူကီးအမျိုးသားတပ်မတော်တို့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နံနက် ၇နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားကာ ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးနေရာသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါစခန်းတွင် စစ်ကောင်စီတပ်အပြင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများ၊ ရှမ်းနီတပ်(SNA)နှင့် ကသည်းလက်နက်ကိုင်တပ်များစုပေါင်း အထိုင်ချထားသည့် စခန်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“စခ(စစ်ကောင်စီတပ်)တွေ ထွက်ပြေးကြတယ်။ သေတာလည်းအများကြီးလို့ကြားရတယ်”ဟု တမူးဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် တမူးမြို့နယ် ပန်းသာကျေးရွာရှိ စစ်ကောင်စီ စခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၅ရက်နှင့် ၆ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။ နှစ်ဖက်အကျအဆုံးရှိသည်ဟုလည်း ကာကွယ်ရေးတပ်များနှင့်နီးစပ်သူများက ပြောသည်။
အဆိုပါ ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် SNAတို့က ပူးပေါင်း အထိုင်ချနေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် နန်းကတိတ်၊ နန်းခေါက်ခေါက်၊ ကနန်၊ ခမ်းပတ်၊ ဘုက္ကန်၊ ကမ္မကြီး၊ ထင်းဇင်၊ ထန်းတပင်၊ မင်းသမီး စသည့်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ဆိုသည်။
အိန္ဒိယနယ်စပ်နှင့် ဆက်သွယ်ထားသည့် ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင် သနန် ကျေးရွာစသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိကျေးရွာများကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။