သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော် ကာလ အတွင်း မီးရှူး၊ မီးပန်း၊ ဗျောက်အိုး ရောင်းဝယ်တာ၊ ပစ်ဖောက်တာတွေ ပြုလုပ်ရင် အရေးယူမယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှူး မီးပန်း လွှတ်တာ၊ ဗျောက်အိုး ဖောက်တာတွေဟာ လုံခြုံရေး ကျိုးပေါက်စေသလို ထိတ်လန့်မှု ဖြစ်စေတဲ့ အတွက် တားမြစ်တာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ဒီအမိန့်ကို စစ်ကောင်စီရဲ့ အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် အောက်တိုဘာ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ပြည်သူတွေသိအောင် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ရမယ်လို့ ဖော်ပြထားပါတယ်။
“ဒါက သီတင်းကျွတ်တိုင်း မီးရှူး မီးပန်းတင်မကဘူး မီးပုံးပျံတောင် လွှတ်သေးတာပဲ။ အဲ့ဒီ မီးရှူးတွေ ဗျောက်အိုး တွေကို မီးပုံးပျံပေါ် ချိတ်ပြီးတောင် နှစ်တိုင်း လွှတ်သေးတာကြီးကို။ အဲ့ဒါလွှတ်လို့ လုံခြုံရေး ကျိုးပေါက်တယ်၊ အထိတ်တလန့် ဖြစ်တယ်ဆိုတာက သူတို့ကြောက်လို့ တမင်သက်သက် အကြောင်းပြတာပဲလို့ ထင်တယ်” လို့ ဆီဆိုင်မြို့နယ် ဒေသခံ တစ်ဦးက ေ၀ဖန် ပြောဆိုပါတယ်။
အဲ့ဒီ မီးရှူး မီးပန်း၊ ဗျောက်အိုး မရောင်း၀ယ်ဖို့ အမိန့်ကို မြို့နယ်အတွင်းရှိ စျေးတွေကိုလည်း အကြောင်းကြား ထားပြီး စျေးထဲမှာ မီးရှူး မီးပန်း မရောင်းဖို့၊ မသိုလှောင်ဖို့ တားမြစ်ထားတယ်လို့လည်း သိရပါတယ်။