စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပျက်သွားတဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချို-ကျောက်မဲလမ်းမကြီးကို စစ်ကောင်စီတပ်က ဘတ်ဖိုးကားနဲ့ ပြန်လည်ပြုပြင်ပြီး ကျောက်မဲမြို့မှာ အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးစပြီး ၃ ရက်မြောက်နေ့မှာ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မန္တလေး PDF ပူးပေါင်းတပ်တို့ နောင်ချိုမြို့ ဂုတ်တွင်းတံတားကို တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်နိုင်ခဲ့ပြီး ထောက်ပံ့ရေးလမ်းကို ဖျက်ဆီးခဲ့ပါတယ်။
မနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ကနေ အိမ်စီးကား၊ ၁၂ဘီးကား၊ တင့်ကား ၁ စီးနဲ့ အင်အား ၁၅၀ခန့် ကျောက်မဲမြို့ အမြောက်တပ် (၅၀၂) တပ်ထဲကို သယ်ဆောင်လာတယ်လို့ ကျောက်မဲမြို့ခံတွေက ပြောပါတယ်။
“စစ်တပ်က ၁၂ ဘီကားတွေ ကြားညှပ်ပြီး အိမ်စီးနဲ့ရော လာတာ။ တော်တော်များတယ်။ အစိမ်းရောင်ကားတွေ မတွေ့ဘူး။ တင့်ကား ပဲတွေ့တယ်။ မိုင်းငေါ့လမ်းဘက်က ၅၀၂ ထဲတန်းစီသွားတာ တွေ့တယ်” လို့ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒါအပြင် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကုန်တင်ကားနဲ့ ခရီးသည်ယာဉ်တွေကို လမ်းဖြတ်သန်းသွားလာခွင့် ပြုလိုက်ပါတယ်။
နောင်ချိုမြို့ထဲနဲ့ ဂုတ်တွင်းတံတားဘက်မှာ စစ်ကောင်စီတပ်က တပ်ပြန်စွဲထားပြီး စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
“မြို့ထဲမှာ စစ်တပ်က ပြန်ရောက်နေတာ။ ဂုတ်တွင်းမှာလည်း သူတို့နေတာ ၄ ရက်လောက်ရှိပြီ။ သူတို့ အင်အားတွေ အများဖြည့်လာလို့ PDFတွေက လူထိမှာစိုးလို့ ပြန်နောက်ဆုတ်သွားကြတယ်။ အခုလည်း ကားတွေ သွားသွားလာလာဘဲ” လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောင်ချိုမြို့အဝင် မူးယစ်ဂိတ်တွေနဲ့ မြို့အနီးရှိ တပ်စခန်းတွေကို TNLAနဲ့ မန္တလေး MDY-PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ပါတယ်။