ရန်ကုန်မြို့မှာရှိတဲ့ စစ်တပ်ဘန်ကာတွေရှေ့မှာ ဆိုင်ကယ်နဲ့ဘက်ထရီစက်ဘီးတွေကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
ယခင်က စစ်ကောင်စီဟာ ဆိုင်ကယ်တွေသာ အဓိကထားဖမ်းဆီးခဲ့ပေမယ့် အခုအခါ ဘေးတွဲဆိုင်ကယ်တွေ၊ ဘက်ထရီစက်ဘီးတွေ၊ သုံးဘီးဆိုင်ကယ်တွေကိုလည်း ဖမ်းဆီးမှာဖြစ်ပြီး တည်ဆဲဥပဒေအရလည်း လူကိုပါအရေးယူမယ်လို့ ကြေညာထားပါတယ်။
ရန်ကုန်မြို့ခံတဦးက “အခုဆို ဆိုင်ကယ်က ကယ်ရီသမားတွေလောက်ပဲ စီးတော့တယ်။ ပြည်သူတွေ စီးတာတော့ မရှိသလောက်ဖြစ်သွားပြီ။ စီးရင်လည်း ရပ်ကွက်ထဲမှာပဲစီးကြတော့တယ်။ လမ်းမကြီးတွေပေါ်ကို မထွက်ကြတော့ဘူး။ အခုလည်း ဘက်ထရီစက်ဘီးတွေကိုပါ ဖမ်းမယ်ဆိုတဲ့ကြေညာချက်တွေ ချိတ်ထားတာ တွေ့ရတယ်” လို့ ပြောပါတယ်။
အဲ့ဒီလို ကြေညာချက်ဆိုင်းဘုတ်တွေကို မြို့တွင်းမှာရှိတဲ့ ဘန်ကာတွေမှာတော့ ချိတ်ဆွဲထားတာမျိုးမရှိပဲ၊ ဆိုင်ကယ်အစီးများတဲ့ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင် အစရှိတဲ့ မြို့နယ်တွေက ဘန်ကာတွေမှာ ချိတ်ဆွဲထားတာဖြစ်ပြီး ကြေညာချက်မှာ လိုင်စင်မရှိရင် ဖမ်းဆီးမယ်ဆိုပေမယ့် အခုအခါ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။
ဒီလိုဆိုင်ကယ်တွေကို ဖမ်းဆီးမှုများလာတာကြောင့် ပြည်သူတွေဟာ ဆိုင်ကယ်အစား စက်ဘီးတွေကို ပြောင်းစီးလာတာကြောင့် စက်ဘီးဝယ်လိုအား မြင့်တက်လာခဲ့ပြီး စက်ဘီးဈေးတွေကလည်း တစီးကို ကျပ် ၁ သိန်းလောက်အထိ ရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဆိုင်ကယ်တွေ ဖမ်းဆီးစဉ်က ပြန်လည်ရွေးယူခွင့်ပေးခဲ့ပြီး ဆိုင်ကယ်တစီးကို ကျပ် ၂ သိန်းခွဲလောက် ပေးရတယ်လို့ သိရပါတယ်။