စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သစ်တင်သင်္ဘောများမှ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ ညနေပိုင်းတွင် လက်နက်ဖြင့်ပစ်ခတ်ခြင်းကြောင့် သရက်ကိုင်းရွာမှ ဒေသခံတစ်ဦး ထိမှန်သေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိရသည်။
မုံရွာမင်းဒေါင့်ဆိပ်ကမ်းမှ ယမန်နေ့ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ထွက်လာသည့် သစ်တင်သင်္ဘော(၈)စီးသည် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရာ ပေါင်းဝရွာအနီး၌ သင်္ဘောတစ်စီးသောင်တင်ခဲ့သဖြင့် ယင်းသင်္ဘောပေါ်မှ သစ်များကို ကရိန်းများဖြင့် ခွဲထုတ်၍ အခြားသင်္ဘောများထံတင်ရာ ယနေ့ညနေပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီသင်္ဘောများ စုန်ဆင်းလာရာ မြစ်ကမ်းဘေးကျေးရွာများအား ပစ်ခတ်မှုကြောင့် သရက်ကိုင်းရွာမှ အသက်(၂၀) အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးပြီး အသက် (၄၀)ကျော်အရွယ် အမျိုးသား(၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။