စစ်ကောင်စီတပ် လျစ်လျူရှု စွန့်ပစ်ခဲ့တဲ့ လွိုင်ကော် တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင် ၆၄ ဦးကို ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံက ဘေးလွတ်ရာသို့ ကယ်ထုတ် ပေးခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ-IEC၊ ပြည်ထဲရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
၁၁၁၁ စစ်ဆင်ရေး အတွင်း လွိုင်ကော် တက္ကသိုလ်မှာ ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ကားတွေနဲ့ သယ်ထုတ်ပြီး ကယ်တင်ထားရတာ ဖြစ်ပါတယ်။
ကယ်ထုတ်ထားတဲ့ Non-CDM ဝန်ထမ်းများနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အတိုင်အပင်ခံ ကောင်စီ- NUCC က ရေးသားပြုစုထားတဲ့ CDM နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ မူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဌာန်းချက် များကို ကိုးကား၍ ဖြစ်စေ၊ လူအခွင့်အရေးကို အခြေခံ၍ ဖြစ်စေ စီမံ ဆောင်ရွက်သွားမယ်လို့ IEC က ဆိုပါတယ်။
ကယ်ထုတ်ထားတဲ့ Non-CDM ဝန်ထမ်းများနဲ့ မိသားစုဝင်တွေကို လူသားချင်း စာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနဲ့အညီ ပြည်ထဲရေးဌာနရဲ့ စီမံကြီးကြပ်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက် ထားတယ်လို့လည်း IEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ မြေပြင် အခြေအနေကို စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီက လွိုင်ကော်မြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။