စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ခုနစ်ထောင်ကျော်ရှိပြီး စစ်ကောင်စီတပ်က ဒေသတွင်း၌ စခန်းချနေထိုင်နေ၍ အခက်ကြုံနေကြရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယနေ့ညပိုင်း၌ ဖော်ပြသည်။
စစ်ကောင်စီတပ်က ယခုနှစ် မတ်လကစပြီး နံ့သာနှင့် မော်တိတ်ကျေးရွာများ၌ စစ်စခန်းချနေ၍ ကျေးရွာဝန်းကျင်ရှိ ဒေသခံပြည်သူ ခုနစ်ထောင်ကျော်မှာ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးတိမ်းရှောင်နေသူများအနက် ကိုယ်ဝန်ဆောင်မိခင်များသည် ကာကွယ်ဆေးထိုးရန်နှင့် အစာ အာဟာရ အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့အားကိုးကားပြီး KIAက အသိပေးထားသည်။
မော်တိတ်ဒေသအတွင်း စစ်ဘေးရှောင် ခုနစ်ထောင်ကျော်အနက် ၅၀ဦးမှာ ကိုယ်ဝန်ဆောင်မိခင်များဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ် တပ်မ (၇၇)တပ်များသည် မော်တိတ်နှင့် နံ့သာကျေးရွာအတွင်း စစ်စခန်းချနေကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြသည်။
အင်းတော်မော်တိတ်ဒေသ၌ ယခုနှစ် မေလကလည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ တိုက်ပွဲများ မဖြစ်ပွားမီကတည်းက ဒေသခံများက စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။