ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများကို လိုက်လံဖမ်းဆီးနေရာ ဇင်ယော်ဓာတ်ဆီဆိုင်ကို ဘူဒိုဇာဖြင့် ဖျက်ဆီးသွားပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်နေ့က မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်နှင့် အထက်ရှမ်းစုရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဇင်ယော်ဓာတ်ဆီဆိုင်မှ ဝန်ထမ်းအချို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသူများမှ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ယောက်ကိုတော့ ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများကို လက်ပြန်ကြိုးတုပ်ပြီးမှ မျက်နှာကိုအုပ်ပြီး ဖမ်းသွားသည်ဟု ဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုသည့် စစ်ကားပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မိုးကောင်းမြို့အတွင်း ဖမ်းဆီးစစ်ဆေးခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူမှာ တစ်ရာကျော်ဝန်းကျင်ရှိလာပြီး လွတ်မြောက်သူမှာ ၃၀ ဦး ဝန်းကျင်သာရှိသေးကြောင်း မိုးကောင်းဒေသခံက ဆိုသည်။
“စစ်တာဆေးတာတွေ လုပ်တယ်။ လူငယ်တွေကျတော့ မြို့ပေါ်မနေကြတော့ဘူး။ မပတ်သက်ချင်ကြတော့တာပေါ့။ အသက်ကြီးတဲ့ သူတွေလောက်ပဲ နေကြတော့တာ”ဟု ပြောသည်။
ဖမ်ဆီးခံရခြင်းမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များအရ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေခြင်းသည် PDF များ မိုးကောင်းမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီသတင်းပေးသူများ ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့် PDF ထောက်ပံ့သူများကို လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း စစ်ကားပစ်ခတ်ခံရသည့်ဖြစ်စဉ်နှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ဦးဝဘော်တန်ဂွန်း၊ အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။
ယခုလက်ရှိအချိန်ထိ မိုးကောင်းမြို့အတွင်းတွင် စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုများကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နေကြောင်း သိရသည်။