ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မနေ့ကနဲ့ ဒီမနက် အစောပိုင်းအထိ KIAကို လေယာဉ်နဲ့ ဗုံးကြဲတာ ၁၆ကြိမ်ရှိပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် KIA ဘက်က ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို မေးမြန်းထားဆဲဖြစ်သည်။
KIAသည် အောက်တိုဘာ ၁၈ရက်မှ ၂၀ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄ခုကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စခန်းအားလုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းအနက် မုံးကိုးဒေသရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်က ၂၀ဦးကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၁၅လက်နှင့် ကျည်၊ ခဲယမ်းများစွာ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဂျာဒေသ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရာတွင်လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ထိုသို့အထိနာသည့် စစ်ကောင်စီတပ်က အောင်ဂျာနှင့် မုံးကိုးကို ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။
မုံးကိုးဒေသ လေကြောင်းတိုက်ခိုက်မှုခံရမှုအတွင်း KIAဘက်က ကျဆုံးမှုအချို့ရှိကြောင်း ဒေသတွင်း သတင်းဌာနအချို့က ဖော်ပြသော်လည်း သီးခြား အတည်ပြုချက်မရသေးပေ။