မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းက ရွာတွေကိုစစ်ကြောင်းထိုးတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ PDF ပူပေါင်းအဖွဲ့တွေ ၃ ကြိမ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါ ၁၈ ယောက်သေဆုံးတယ်လို့ အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ချောက်မြို့နယ်အတွင်းက ရွာတွေကို စစ်ကောင်စီရဲ့ ခလရ (၁၃)၊ ခလရ (၇၇)နဲ့ ဝါဇီတပ်တွေက နိုဝင်ဘာ ၂၀ ရက်က စတင်စစ်ကြောင်းထိုးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့အထိ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။
ကား ၃ စီးနဲ့လာတဲ့ အဲ့ဒီ့ စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်းနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း PDF ပူးပေါင်းအဖွဲ့တွေဘက်က တစ်ဦး ကျဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ကွပ်ကဲရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ ချောက် ပကဖ၊ Chauk Guerrilla Force (CGF)၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့၊ Chauk Revolution Army- ရေနံမြေအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ချောက်မြို့နယ်အတွင်းက ရွာ ၃ ရွာက အိမ်ထောင်စု ၅၀၀ ခန့်ဟာ စစ်ရှောင်နေရပြီး ရွာခံတချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ ထုတ်ပြန်ပါတယ်။