စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာ အရှေ့ဘက်မှာ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်ဝါသဝစစ်ကြောင်း တို့ ဒီနေ့ မတ် ၂၈ရက် မနက် ၉နာရီ ၁၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျဥ်ထောင်ရွာမှာ ၃ ညအိပ် ပြီး ထွက်ခွာလာတဲ့ အင်အား ၁၃၀ခန့်ပါ အကြမ်းဖက် စစ်တပ်ဝါသဝစစ်ကြောင်းဟာ သာဝတ္ထိ ရွာအရှေ့ဘက်ကနေ မုံလှရွာ အရှေ့ဘက်အရောက်မှာ ရွှေဘိုခရိုင် တပ်ရင်း၃၊ ခင်ဦးမြို့နယ် ပကဖနဲ့ ပလဖ အဖွဲ့တွေက ကြိုတင်ပြင်ဆင် စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲမှာ ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကာ ပြည်သူ့ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာကြောင့် နောက်ပြန် ဆုတ်ခွာခဲ့ရတယ်လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် ဝါသဝ စစ်ကြောင်းဟာ မနက် ၁၀ အချိန်မှာ မုံလှရွာကို ဝင်ရောက်ပြီးတော့ စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ် ၅၀ဆယ်ခန့် မီးရှို့ခဲ့ပြီးနောက် ရေဦးမြို့နယ် အောင်သာယာပျူရွာကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
” မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှရွာကို ၂၀၂၂နိုဝင်ဘာ ၂၃ရက်နေ့က ပထမအကြိမ်မီးရှို့ဖျက်စီးခဲ့ပြီး ယနေ့တစ်ခါ ဒုတိယအကြိမ်မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်” လို့ ဒေသခံ တဦးက ပြောပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းကြောင့် သာဝတ္ထိ ၊ မုံလှ ၊ မြင်းကျ ၊ ဥယဥ် ၊ မကျီးအုပ် ၊ ကျွန်းတောကြီး ၊ မြင်းဒေါင်း ၊ သရက်ကုန်း ၊ ကင်းပြစ် ၊ တဲစု ၊ ရှင်မင်းတွေ ၊ သာဂရ နဲ့ မြို့သစ် အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။