ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခိုင်တံတား စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာ ၂၀ရက် နံနက် ၆နာရီတွင် KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း ၎င်းက ပြောသည်။
“ထွက်ပြေးသွားတဲ့ စကစတပ်တွေကို ညနေ ၃နာရီအထိ လိုက်လံရှင်းလင်းခဲ့တယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံး အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
နမ့်ခိုင်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက် အသွယ်မရသေးပေ။
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ဒီဇင်ဘာ ၁၉ရက်တွင် စခန်းမှ အပြီးတိုင်စွန့်ခွာသွားသည်ဟု KNG သတင်းဌာနက ဖော်ပြသည်။
ယင်းစခန်းရုတ်သိမ်းသွားသည့်ဖြစ်စဉ်မှာလည်း အတည်ပြု၍ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှ စစ်ကောင်စီတပ်စခန်း ၄ခု သည်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စခန်းကို စွန့်ခွာသွားကြသည့် ဖြစ်စဉ်ရှိခဲ့သည်။
KIAသည် အောက်တိုဘာလမှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။