ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့အရှေ့ဘက်ခြမ်းရှိ နံဇကျေးရွာတွင် ယနေ့နံနက် ၆နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူနေအိမ်၂၁လုံးအပြင် စပါးကျီအများအပြားကို မီးရှို့ဖျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ည ၁၂ နာရီ ဝန်းကျင်တွင် ပစ်ခတ်ခံ ကြားရပြီးနောက် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် နံဇ ကျေးရွာထဲသို့ ဝင်ရောက်လာပြီးနောက် အရပ်သားနေ အိမ်များ နှင့်စပါးကျီများမီးရှို့ဖျက်ဆီးသွားကြောင်း အမည်မဖော်လိုသူ နံဇ ကျေးရွာသားတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ည၁၂နာရီ လောက်မှာ သေနတ်သံတွေ တစ်နာရီကျော်ကြာ ပစ်ခတ် သံကြားနေရတယ်။ ဒီမနက်မှာ တော့ စစ်ကောင်စီတပ်တွေ နံဇရွာကအိမ် က၂၁လုံး၊ စပါးကျီလည်း အများအပြားရှို့သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ နေအိမ်များ မီးရှို့ခံရမှု မတိုင်မီ ယမန်နေ့ ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ် စစ်ကြောင်းထိုး လာ၍ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များနှင့် တစ်နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသား များ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာတွင်း လူသူမရှိချိန်တွင် လူနေအိမ်များ မီးရှို့ခံခဲ့ရခြင်းဖြစ် သည်။
စစ်ဘေးရှောင်များကူညီနေသူတစ်ဦးက”နံဇကျေးရွာက ည၁၂နာရီမှာတိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ချတော့ ရွာသားတွေညတွင်း ထွက်ပြေးတိမ်းရှောင်သွားတယ်။ ညက ထွက်ပြေးတာမြို့ထဲတော့မရောက်ဘူ။လယ်ကွင်းကတဲတွေမှာပဲအိပ်ကြတယ်။ ဒီမနက်မှ ကျနော့် အစ်ကိုက မြို့ကိုရောက်တယ်။ “ ဟု ပြောသည်။
ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အရှေ့ဘက် နံဇကျေးရွာသို့ ပိန်းဇလုတ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ပဲနွယ်ကုန်းရွှေဝါခြေမြန်တပ်ရင်း(ခမရ- ၃၀၇)နှင့် ဖြူးအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၃၀၈)တို့ ပူးပေါင်း စစ်အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ငွေကြေး နှင့် တန်ဖိုးကြီး ပစ္စည်းများကိုလည်း ယူဆောင်သွားကြကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှသိရသည်။
လတ်တလောတွင်လည်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ နေ့ရော ညပါ လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများ ကြောက်လန့်နေရ၍ ကျေးရွာပေါင်း ၃၇ရွာမှ ဒေသခံ ရွာသား (၄,၅၇၂) ဦး နေရပ်စွန့်ခွားတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။