ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း ပစ်ကူများ အသုံးပြုကာ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမြို့ပေါ်နှင့် ရေတွင်းကုန်းကြီးရွာ၊ ရေတွင်းကုန်းလေးရွာ၊ ရေလဲရွာ တို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်ကူများ ရောက် ရှိလာပြီး နတ်သံကွင်းမြို့၊ စိန်ပန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူများ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာမည်ကို စိုးရိမ်သောကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
” မနေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမှာ တိုက်ပွဲဖြစ်တာ စစ်တပ်က လေ ကြောင်းနဲ့ အရပ်သားတွေကို လာပစ်သွားလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ် ရာရတယ်။ စစ်တပ်က အထိနာလို့ စစ်ကား ၄ စီးနဲ့ စစ်ကူလာရတယ်။ စစ်ကားတွေ နတ်သံကွင်းမြို့၊ စိန်ပန်းဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတယ်။ စစ်ခွေးတွေက အကြောင်းမဲ့ ရွာတွေကို ဗုံးကျဲသွားတာ မြို့ကို သိမ်းတာတော့ အပိုင်သိမ်းတာပဲ ပြည်သူတွေထိမှာ ဆိုးတာလည်းပါတယ်။ လေကြောင်းလည်းပါလာတော့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်ဆုတ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
နတ်သံကွင်းမြို့တွင် အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များက ပြည်သူများ နေရပ် ရွေ့ပြောင်းကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။