စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နမ်းချောင်းကျေးရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးဖမ်းမိဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၅ရက်က စစ်ကောင်စီတပ်မှ ဗိုလ်အောင်ကိုခန့် ဦးစီးသည့် ခလရ-၂၂၈၊ ထပရ-၉၃၄ နှင့် ပျူစောထီးများပါဝင်သည့် ပူးပေါင်းစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရန်သူ နှစ်ဦးအရှင်ဖမ်းမိခဲ့ပြီး ဗိုလ်အောင်ကိုခန့်အပါ ငါးဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးရမိသူ နှစ်ဦးအနက် တစ်ဦးမှာ စစ်သားဖြစ်ပြီး တစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း၊ ၎င်းတို့ထံမှ လက်နက် ၂လက်နှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်ခဲ့သည်။