ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တောင်ဖီလာလမ်းထောင့်မှာ ဂိတ်ချထားတဲ့စစ်ကောင်စီတပ်သားတွေက မနေ့ ဩဂုတ် ၁၉ ရက်က အမျိုးသားတစ်ယောက်မှာ ယာဉ်မောင်းလိုင်စင်မရှိတာကြောင့် ထိုးကြိတ်လို့ လက်ကျိုးသွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်လမ်းပေါ်မှာသွားလာနေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက ယာဉ်မောင်းလိုင်စင် စစ်ဆေးပြီး လိုင်စင်မရှိတဲ့သူတွေကို လျော်ကြေး ငါးသိန်းကနေ ၁၀သိန်းအထိတောင်းခံကြပါတယ်။ ကြုံ့သုံးပင်ရပ်ကွက် (ယခင်မွန်းလိုင်)မှာနေထိုင်တဲ့ ကိုခွာလ်ပူ-၃၄နှစ် (အမည်လွှဲ)ကို စစ်ကောင်စီတပ်သားတွေက စစ်ဆေးစဉ် ယာဉ်မောင်းလိုင်စင်မရှိတဲ့အတွက် လျှော်ကြေးတောင်းပေမယ့်မပေးနိုင်လို့ ထိုးကြိတ်ရိုက်နှက်ကာ လက်မောင်းရိုးကျိုးသွားတယ်လို့သတင်းရရှိပါတယ်။
ဒေသခံတစ်ဦးက “အဲ့မှာကင်းထိုင်တဲ့သူတွေက ပိုက်ဆံမရှိရင် ပြည်သူတွေဆီ အမျိုးမျိုးနဲ့ ပိုက်ဆံတောင်းကြတယ်။ အခုလည်း ယာဉ်မောင်းလိုင်စင်မရှိလို့ လျှော်ကြေးတောင်းတာ မပေးနိုင်လို့ ထိုးကြိတ်ခံရတဲ့သူက နှစ်ယောက်ထက်ပိုများတယ်။ အရိုးကျိုးတဲ့ထိကို ရိုက်ကြတာ”လို့ပြောပါတယ်။