စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၉နာရီခန့်က ကန့်ဘလူမြို့နယ်ရှိ လေးလှရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း ကန့်ဘလူခရိုင်အခြေစိုက် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
“အင်အားက ၂၀၀ ဝန်းကျင်လောက်ရှိမယ်။စစ်ကြောင်းက ပြန်မခေါက်သေးဘူး။ ရှိနေတုန်းပဲ။ စစ်ရှောင်တဲတွေ မီးရှို့ဖျက်ဆီးခံရတာလည်းရှိတယ်။ ပြည်သူတွေ အဖမ်းခံရတာတွေလည်း ရှိနေတယ်။”ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ မြေပြင်သတင်းတာဝန်ခံက ပြောသည်။
အဆိုပါစစ်ကြောင်းသည် လေးလှကျေးရွာ မီးရှို့ဖျက်ဆီးပြီး ကျီးပင်အက်ဆည်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ စစ်ကြောင်းတွင် ပျူစောထီးများလည်းပါဝင်ပြီး စစ်ကြောင်း ၃ခု ပေါင်းထားခြင်းဖြစ်ကြောင်း၊ ယမန်နေ့ကလည်း အင်းလယ်ကြီးရွာအနီးရှိ စစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ညောင်ပေါင်ရင်း၊ရွာမ၊ဉာဏ်အင်း၊အင်းလယ်ကြီး၊ကျေးပင်အက်၊အင်္ဂါဒေါင့်၊သရက်တာ၊ထိန်တော၊ဆူးပုတ်ကုန်း၊ဘိုတဲကုန်း၊ဘိုကုန်း၊ပေလည်၊မဲသည်၊သပြေသာနှင့် ကိုင်းရိုး အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Infinity Group အဖွဲ့က အသိပေးထားသည်။
ထို့အပြင် ယမန်နေ့ကလည်း စစ်ကိုင်းနှင့်ဝက်လက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။