တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။
ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ညှိနိုင်း ဆွေးနွေးမှုများ ပြုလုပ်ကာ မြို့ထိန်းသိမ်းရေးကော်မတီ စတင်ဖွဲ့စည်းခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အဓိကကတော့ မြို့လုံခြုံရေးအတွက်ပါပဲ သက်ဆိုင်ရာအဖွဲ့စည်းတွေကနေ တာဝန်ခံတွေ ခန့်အပ်ပြီး ရပ်ကွက်အလိုက် ရွေးချယ်ထားတဲ့ မြို့မိမြို့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ မြို့လုံခြုံရေးအတွက် လုပ်ဆောင်နေကြတယ်။”
ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များကလည်း စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းမခံရစေရန်၊ ဖျက်ဆီး မခံရစေရန် လှည့်ကင်းဆောင်ရွက်ခြင်းများ၊ မသင်္ကာသူများအား စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီဘက်က မော်လူးမြို့ပေါ်သို့ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သည့်အတွက်လည်း လိုအပ်သည်များ ဆောင်ရွက်နေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မော်လူးမြို့ ဒေသခံပြည်သူများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေကြပြီး ဈေးဆိုင်များလည်း ပိတ်ထားကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
“မြို့ကတော့ အရင်ကလိုပြန်မစည်သေးဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေတော့ အခုထိရှောင်နေကြသေးတယ်။ အိမ်စောင့်လောက်ပဲ ချန်ထားကြတယ်။ ဈေးဆိုင်တွေလည်း အများကြီးမဖွင့်ရဲကြသေးဘူး၊ အိမ်တွေ ဆိုင်တွေ မီးရှို့ခံရမည်စိုးရိမ်တဲ့အတွက်လည်း ပစ္စည်းတွေ ရွှေ့ပြောင်းနေကြတယ်။”ဟု မော်လူးဒေသခံတစ်ဦး ပြောသည်။
စစ်ကိုင်း ကချင်ပြည်နယ်အစပ်တွင်ရှိသည့် မော်လူးမြို့ရှိ စစ်ကောင်စီ ရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ကိုရရှိခဲ့ခြင်းဖြစ်သည်။
အင်းတော်မြို့နယ် မော်လူးမြို့သည် အိမ်ခြေသုံးထောင်ကျော်တည်ရှိကာ တိုက်နယ်ဆေးရုံ၊ မီးသတ်ရုံး၊ အုပ်ချုပ်ရေးရုံး၊ လျှပ်စစ်ရုံး၊ ဆက်သွယ်ရေးရုံး၊ ဘူတာ၊ မြို့မဈေးနှင့် အထက်တန်းကျောင်းများ တည်ရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့် နေထိုင်သော ဒေသဖြစ်သည်။